Friday, April 23, 2010

Tuesday, April 20, 2010

သောကကိုနင်းချေ အိပ်မက်တွေကို တည်ဆောက်


                                                 အရှင်ဇ၀န


ထောင်ဆိုတာကို လူရှင်တို့ မြှုပ်နှံရာသင်္ချိုင်းအဖြစ် ၀ိဂြိုဟ် ပြုကြပါတယ်။

ဒီသချိုင်းတွေထဲမှာပဲ စစ်အာဏာရှင်တွေက ဘယ်လိုပဲ တုံးအသွားအောင် ရက်စက်ခဲ့ ၊ ရက်စက်ခဲ့  နိုင်ငံရေးအကျဉ်းသားတွေဟာ ကိုယ့်ကိုယ်ကို ချွန်မြနေအောင် သွေးယူခဲ့ကြရပါတယ်။

လူအရှင်ကို မြှုပ်နှံရာ နာရသိန်ထဲမှာ စစ်အာဏာရှင်တို့ရဲ့ ဆိုးယုတ်မှုတွေကတော့ ကမ်းကုန်ပါပဲ။ ဒါ့ကြောင့်လည်း ဦးဝင်းတင်က သူ့ရဲ့ ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ ထောင်ဇာတ်လမ်းကြီးထဲမှာ လူမဆန်စွာ ၊ တိရိစ္ဆာန်ထက် ဆိုးယုတ်စွာလို့ သုံးနှုန်းခဲ့တာပါ။

တကယ်တော့ အာဏာရှင်တို့ရဲ့ အင်းစိန်နာရသိန်ထဲမှာ ရက်ပေါင်း ငါးထောင့်ရှစ်ရာကျော် နေထိုင်ခဲ့ရတဲ့ သူ့လိုလူတယောက်အတွက် ပြောပြစရာတွေ ရာထောင်သောင်းမက ရှိနေပါလိမ့်ဦးမယ်။

ဦးဝင်းတင်ပြောတဲ့ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ဆိုတာကို စာရေးသူ သဘောတူပါတယ်။ သဘောတူတယ်ဆိုလိုက်လို့ စစ်အာဏာရှင်ရဲ့ထောင်အတွင်းမှာ ကျင်လည်ခဲ့ဘူးတဲ့ စာရေးသူဟာ ကိုယ့်ကိုယ်ကို ဂုဏ်တင်တာတော့ မဟုတ်ပါဘူး။

Monday, April 19, 2010

Statement by NCUM (18.4.2010)

"တရားခံ ဘယ်သူလဲဟေ့"


၂၀၁၀ နှစ်ကူးအချိန်အခါ

အတာရေအေးနဲ့ မလန်းခဲ့

မသာသေဘေးနဲ့လွှမ်းခဲ့

သွေးနဲ့ဖြန်းတဲ့သင်္ကြန် ၊



ပိုးလိုးပက်လက်လန်အောင်

ပိုးဆိုးပက်စက်အကြံနဲ့

ဆိုးကျိုးရက်စက်ပြန်



အာဏာစက်ကွင်းကို

ကြာကြာဆက်နင်းလို

ယတြာကက်ကင်းအလို

အခါခါအသက်သွင်းသကို ၊ ။



ရှိသမျှမဏ္ဍာပ်များအကြား

အိတ်စ်တူးအိုကံကွက်ကျား

ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်

အမှောင့်အန္တရာယ် ပျက်ပြန်ဘို့

နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့

ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****



အိတ်စ်တူးအိုလို့ အမည်ပေး

ဘယ်သူတွေးပီး ဘယ်သူဆိုင်

ဘယ်သူပိုင်လို့ ဆောက်သလဲ

ထောက်ဆအမြဲ ကွင်းဆက်တွက် ၊



ပြည်သူသွေးချင်းတို့

ဘေးကင်းဘို့အစုံတွေး

လုံခြုံရေးအထပ်ထပ်

မပြတ်မလတ် ချထားသကွဲ့

များလှတဲ့အစောင့်တွေကြား

အမှောင့်ထွေပြား သောကပွားအောင်

မောဟသားမောင် အတင့်ရဲတင်းပီး

မင်းကြီးတာကထွက် ။



လူတစုအကျိုးအတွက်

လူထုအကျိုးပျက်

မျိုးပျက်တွေရဲ့အကြံ

ဆိုးချက်တွေကမဟန်

လူမဆန်ဓလေ့



အပြစ်မဲ့ပြည်သူတွေကို

ဓားစာခံပြုမူရဲပေ့

တရားခံဘယ်သူလဲဟေ့။



*****

ကက်ကင်း = ပြောင်းပြန် ယတြာချေခြင်း

X =
ရောမဂဏန်း 10

X2O = 1020 (10-20
သည် 20-10 ၏ပြောင်းပြန်)

{
စကားကြွင်း၊ ၊ အိတ်စ်တူးအိုမဏ္ဍာပ်ဟုကြားရ၍ H2O= ‘ရေလို့

ထင်ခဲ့၏။ မြင်ရတော့မှ X2O ဖြစ်နေသည်ကိုသိရ၏။ ဆန်းနေသည်ကို

သတိထားမိကာ ဆန်းစစ်ကြည့်မိခြင်းဖြစ်ပါသည်။}

၂၀၁၀..၁၇
ကြိုင်လှမောင်မောင်

မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ မလေးရှားကို UNHCR တိုက်တွန်း

မြန်မာနိုင်ငံအတွင်းကနေ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ရောက်လာကြတဲ့ ချင်းတိုင်းရင်းသားတွေ ၁၀နှစ် အတွင်းမှာ လေးသောင်းလောက် ရှိလာတယ်လို့ မလေးရှားရောက် ချင်းတိုင်းရင်းသားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေနဲ့ ဖိနှိပ်မှုတွေဘေးကနေ လွတ်မြောက်ဖို့ထွက်လာကြတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ကူညီစောင့်ရှောက်ဖို့ မလေးရှား အာဏာပိုင်တွေကို UNHCR ကုလသမဂ္ဂ အရာရှိတွေက တိုက်တွန်းနေပါတယ်။ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအကြောင်း Reuter သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။ 

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ် အချို့ ပျက်စီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်း အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ 

အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့

ခင်မမမျိုး



သင်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။

Sunday, April 18, 2010

ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီခန့်၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ မြို့နယ် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌  ဗုံးများပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးကာ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း အပါအ၀င် ဒဏ်ရာရရှိသူ ၆၃ ဦးအား ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။  bombs-explosion1

''ဒဏ်ရာရသူတွေ များတယ်။ အဲဒီအထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဒုရဲအုပ် မောင်မောင်ဟန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့ ပါတယ်။ စုစုပေါင်း အခု ၆၃ ဦးက ဆေးရုံကြီးမှာ'' ဟု တိုင်း ရဲချုပ်ရုံး၏ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီ၏ အရာထမ်းတဦးကမူ ဒဏ်ရာရရှိသူ ဦးရေ ၈၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုသလို၊ မြန်မာ့အသံက ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ညနေ ၆ နာရီတွင် သတင်းကြေညာရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးပြီး၊ ၇၅ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးသတင်းအရ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိကြောင်း အစိုးရသတင်းဌါနကပြောသည်။

ဒေါ်စု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များက ပြောသည်။

“တိတိကျကျတော့ မသိရသေးဘူး။ ကျနော်သိတာက ဆေးရုံမှာ လာပြီးတော့ စမ်းသပ်တယ်၊ Check up လုပ်တယ်။ လုပ်ပြီးတော့ အိမ်ကို ပြန်သွားတယ်။ အဲဒီလောက်ပဲ သိတယ်” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါက်တာတင်မျိုးဝင်းဆီက ပြန်ကြားရတာက ဒေါ်စုရဲ့ ကျန်းမာရေးက ကောင်းပါတယ်တဲ့။ ဒါပေမဲ့ တနင်္ဂနွေနေ့ ညမှာ ပြန်ကြားရတာက ဒေါ်စုကို ရန်ကုန်ဆေးရုံကြီးကို ခေါ်ပြီးတော့ နှလုံးစမ်းတဲ့ စက်တွေဘာတွေ စမ်းရတယ်။ စမ်းသပ်တာက ၄၅ မိနစ် ကြာတယ်။ ECG ယူတာလောက်ဆိုရင် ဒေါ်စုအိမ်မှာ လုပ်လို့ ရပါတယ်။ တခြားစမ်းသပ်စရာတွေရှိလို့ ခေါ်သွားတာ ထင်တယ်” ဟု ပြောသည်။

ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ ဆေးရုံကြီးတွင် အီးစီဂျီရိုက်ခြင်း အပါအဝင် ဆေးစစ်ပြီး နေအိမ်သို့ ၉ နာရီ ၄၅ မိနစ်တွင် ပြန်ရောက်ခဲ့သည်။

ယခုလ ၈ ရက်နေ့တွင် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ECG ရိုက်စက်များကို သယ်ယူသွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ ဤသည်မှာ မိသားစု ဆရာဝန်အနေဖြင့် တလအတွင်း ဒုတိယအကြိမ်မြောက် သွားရောက်စစ်ဆေးခဲ့ရခြင်း ဖြစ်သည်။

လစဉ် ပထမဆုံး ကြာသပတေးနေ့ (ယခုလ ၁ ရက်နေ့) တွင် ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုများ ရရှိထားရာမှ လိုအပ်ချက်အရ ထပ်မံသွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

သွေးပေါင်ကျဆင်းခြင်းနှင့် အစာအိမ်ဝေဒနာအတွက် ဆေးဝါးသုံးစွဲနေရကြောင်း လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း သူမ၏ အမှုကိစ္စများအတွက် တွေ့ဆုံဆွေးနွေးခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း ကြွက်တက်သည့် ဝေဒနာ ခံစားခဲ့ရသေးသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောဆိုသူသည် သူမ၏ နေအိမ်အတွင်းသို့ အင်းယားကန်မှ ရေကူးကာ၊ တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် သူမအား နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟု စွပ်စွဲကာ သြဂုတ်လထဲတွင် တရားရုံးက ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ပေါ့ပေးကာ၊ နေအိမ်၌ အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။ ကျန် ၁၈ လကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည်။