Friday, April 2, 2010

စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ပြင်သစ် ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးအတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းအစိုးရက ပြောလိုက်သလို၊ မကြာခင်ကမှ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီးကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ထားတဲ့ နော်ရှိုးက အပြည့်အစုံကို တင်ပြထားပါတယ်။ 

လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား

နယူးဒေလီ (မဇ္ဈိမ)။     ။ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။ 

“နိုင်ငံတကာ ဆက်ဆံရေးလည်း ဆက်လုပ်သွားမယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတဲ့ ဟာမျိုးပေါ့။ လူထုရဲ့ အကျိုးစီးပွားကိုလုပ်တဲ့ ဟာမျိုးတွေ၊ ဆောင်ရွက်တဲ့ ဟာမျိုးတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု အကျိုးစီးပွားတွေ၊ လူထုသက်သာချောင်ချိရေးတွေပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း

ချင်းမိုင်။      ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU ၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာတင်အောင်အေးတို့ဖြစ်ကြောင်း ဖြစ်သည်။

ထိုစာရင်းတွင် ပါဝင်နေသဖြင့် ၎င်းတို့သည် EU အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်ခွင့်ကို ပိတ်ပင်ခံထားရကာ၊ ၎င်းတို့ပိုင်ဆိုင်မှု မှန်သမျှကိုပါ အရေးယူပိတ်ပင်တားပြီး၊ ဥရောပအခြေစိုက် ဘဏ္ဍာရေး အဖွဲ့အစည်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးပို့ခြင်းလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။

အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂ဝဝ၉ ခုနှစ် သြဂုတ်လ၌ ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်တွင် အထိန်းသိမ်းမိန့် ချမှတ်ပြီးနောက် အဆိုပါ တရားသူကြီး နှစ်ဦး အပါအဝင် တရားသူကြီးအဖွဲ့မှ ထိပ်ပိုင်းအရာရှိများအား EU အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်သည့်အနေဖြင့် မတရားပြစ်ဒဏ် ချမှတ်ရာတွင် ပါဝင်ခဲ့သည့် တရားသူကြီးအဖွဲ့မှ အဖွဲ့ဝင်များအား အမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း EU က ပြောကြားခဲ့သည်။  ထိုသို့ အရေးယူ ပိတ်ပင်ခြင်းသည် ဆီလျော်သော ပြစ်ဒဏ် ချမှတ်မှုဖြစ်သည်ဟုလည်း EU က ပြောဆိုခဲ့သေးသည်။

၎င်းတို့နှစ်ဦးအပြင် စ်အစိုးရထဲမှ အဓိက ကျသူများအပြင် စစ်အစိုးရနှင့် အလွန်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇလည်းလည်း EU သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းတွင် ပါဝင်လျက်ရှိသည်။  

ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးသည် မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်တဦး ဖြစ်ခဲ့ပြီး၊ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သည့် အမျိုးသားညီလာခံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်း ခံခဲ့ရသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာ တင်အောင်အေးအား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မရှင်တွင် စစ်အစိုးရက တာဝန်ထမ်းဆောင်စေခဲ့သည်။

အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် တရပ်တွင် ဒေါက်တာ တင်အောင်အေးသည် ဥပဒေပညာရပ် မာစတာဘွဲ့နှင့် ဒေါက်တာ ဘွဲ့အား ဂျာမဏီနိုင်ငံမှ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

copy by mizzima

ဟိုတယ်လုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ကြရန် ဝန်ကြီး တိုက်တွန်း

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန် ဟိုတယ်လုပ်ငန်းရှင်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဗိုလ်ချုပ် စိုးနိုင်က စည်းရုံးနေကြောင်း ရန်ကုန်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောကြားသည်။
၎င်းက “ဝန်ကြီးက ခင်ဗျားတို့အနေနဲ့ ထိပ်တန်းစီးပွားရေးသမားတွေလည်း ဖြစ်တယ်။ အောင်မြင်ကျော်ကြားသူ၊ သြဇာရှိသူတွေ ဖြစ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါနေပြီးသားလူတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်။ အဲဒီလို ပြောပြီးတာနဲ့ အစည်းအဝေး အာဂျင်တာ (Agenda) နဲ့ ဘာမှမဆိုင်တဲ့ ပါတီ၊ နိုင်ငံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ အမတ်လောင်းတွေအကြောင်း ပြောတော့တာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဗိုလ်ချုပ် စိုးနိုင်က ပြီးခဲ့သည့် မတ် (၂၁) ရက် မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ (၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တွင် မီးပြီးတော့ ရေပြဿနာ ပေါ်ပြန်

ရန်ကုန်မြို့တွင် မီးလာသော်လည်း ရေမရ၊ မီးပျက်ပြန်လည်း ရေမရသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။
ထိုသို့ ရေမရမှုသည် တကြိမ်ဖြစ်ပွားပါက (၁၀) ရက်ခန့်ဆက်တိုက် ရေမရသည့်အတွက် ပြည်သူများမှာ ပုဂ္ဂလိက မီးစက်များက တနာရီ ကျပ် (၅,၀၀၀) ဖြင့် စုပ်ယူရောင်းချသည့် အ၀ီစိတွင်းရေများကို ၀ယ်သုံးနေရကြောင်း သိရသည်။

ရန်ကုန်တွင် ဆိုးဆိုးရွားရွား မီးပြတ်

ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ) ။     ။ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မီးလာချိန် တနေ့လျှင် ၂ နာရီဝန်းကျင်သာဖြစ်နေခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်များပြင်ဆင်မှုပြုလုပ်နေချိန်တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။

Thursday, April 1, 2010

ကျော်သူ စာမူတောင်းနြေ့ပီ

၁၀နှစ်မြောက် ပေးဆပ်မှုများ စာအုပ်ထုတ်ဝေရန်အတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြည်တွင်းပြည်ပမှ စာမူများပေးပို့ကြပါရန် တောင်းခံလျက်ရှိသည်။

၂၀၀၁ခုနှစ် ဇန်န၀ါရီ (၁) ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စတင်တည်ထောင်ခဲ့သည့် အဘဦးသုခအားဂုဏ်ပြုပူဇော်ခြင်းအဖြစ်လည်းကောင်း ၊ ၂၀၁၁ခုနှစ်တွင် (၁၀) နှစ်ပြည့်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အထိမ်းအမှတ်အဖြစ်လည်းကောင်း စာအုပ်ထုတ်ဝေရန်အတွက် တောင်းခံခြင်းဖြစ်ကြောင်း ကျော်သူက ဆိုသည်။

ကျော်သူထုတ်ဝေမည့် စာအုပ်ကို စာပေစိစစ်ရေးက လက်ခံမည်ဟု မထင်ကြောင်း ၊ ထုတ်ဝေခွင့်ရလျှင်လည်း တင်းကြပ်စွာဆင်ဆာဖြတ်တောက်ခံရမည်ထင်ကြောင်း ၊ သို့သော် ကျော်သူ၏ လုပ်ဆောင်ချက်များကြောင့် စာရေးဆရာကြီးငယ်များစွာက စာမူပေးပို့ကြလိမ့်မည်ဖြစ်ကြောင်း ပြည်တွင်းမဂ္ဂဇင်းအယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါစာအုပ်အတွက် စာမူပေးပို့လိုသည့် စာပေ၀ါသနာရှင်များ ၊ စာရေးဆရာ ၊ ကဗျာဆရာများအနေဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၊ ၁၃/က ဗိုလ်မှူးဗထူးလမ်း ၊ (၄၂) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် (သို့မဟုတ်) အမှတ် (၄၂) (F) ၊ ပြည်သူ့လမ်းသွယ် ၊ (၇) မိုင်ပြည်လမ်း ၊ မရမ်းကုန်မြို့နယ်တို့သို့ ပေးပို့နိုင်ပြီး ရပ်ဝေးမှ စာမူပေးပို့လိုသူများအနေဖြင့် kyawthu21159@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။

copy by minnaingthu-monywa.blogspot.com

Monday, March 29, 2010

စောင့်ကြည့်ကြရမှာပေါ့ဗျာ

မင်းနိုင်သူ

ဒီနေ့ တနေ့လုံး အန်အယ်လ်ဒီပါတီအစည်းဝေးပွဲကြီးသတင်းကို စောင့်ကြည့်နေမိပါတယ်။ စောင့်ကြည့်တယ်ဆိုတာက အွန်လိုင်းကနေ ပြည်တွင်းက မိတ်ဆွေတွေပြောသမျှ ပေးပို့လာသမျှ စောင့်ကြည့်နေတာကို ဆိုလိုတာပါ။

NLD သပိတ်မှောက်မှု စစ်အစိုးရကို အမေရိကန် အပြစ်တင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ မနေ့က ဆုံးဖြတ်ချက် ချလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဘယ်လိုတုံ့ပြန်ချက်တွေ ပေးခဲ့ကြသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအောက်မှာ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ NLD ပါတီ ပျက်ပြယ်သွားပြီလား၊ ရှေ့ဆက် ဘယ်လို ရပ်တည်မလဲဆိုတဲ့ မေးခွန်းတွေကို ဒီကနေ့ NLD ဗဟိုဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NLD ခေါင်းဆောင်တွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Sunday, March 28, 2010

ရွေးကောက်ပွဲ ဒေါ်စုပါဝင်ခွင့် မရှိရင် ဂျပန်က စီးပွားရေးကူညီမှု ရပ်ဆိုင်းမည်

Japanese Foreign Minister Katsuya Okada, March 9, 2010-AP
ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ကတ်ဆုယာ အိုကာဒါ။
မတ် ၉၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ပါဝင်ယှဉ်ပြိုင်ထိုက်တဲ့ သူတွေ ပါဝင်ခွင့် မပေးဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီငွေတွေ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က ပြောခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အကူအညီပေးမယ်၊ မပေးဘူးဆိုပြီး ချော့တလှည့်၊ ခြောက်တလှည့် ဆက်ဆံလေ့ ရှိတာမို့ အခုလို ပြောလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ အာဏာရလာတဲ့ လက်ရှိ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တကယ်ပဲ အလေးအနက်ထား ပြောဆိုတယ်လို့ ပြောနိုင်ပါသလား။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါသင့်ပါထိုက်သူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးဘူးဆိုရင် လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဆက်ပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့် အပြင် တခြား သတင်းထောက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တယ်လို့ ကျိုတို သတင်းဌာနမှာ ရေးသားထားတာပါ။ နောက်အပတ် ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-8 စက်မှုအင်အားကြီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အင်တာနက် ထောက်လှမ်းရေး နည်းပညာ ပံ့ပိုးမှု မရှိဟု ပြင်သစ်ကုမ္ပဏီ ငြင်းဆို

မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူတွေအပေါ် စောင့်ကြည့်တဲ့ နည်းပညာတွေကို မြန်မာစစ်အစိုးရကို ပေးအပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Alcatel-Lucent က ငြင်းဆန်လိုက်ပါတယ်။

မလျော်ကန်သည့် မဲဆွယ်မှုကိုရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြော

ရွေးကောက်ပွဲတွင် ပါတီများ အနေဖြင့် မလျော်ကန်သည့် မဲဆွယ်မှုမျိုးကို ရှောင်ရှားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုသည်။

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ၆၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယင်းသို့ ပြောကြားချက်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။

armed_forces_day
ယနေ့ နေပြည်တော်၌ ကျင်းပသည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် အလေးပြုခံနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Reuters)
“ပါတီအနိုင်ရရင် ပြီးစတမ်းသဘောမျိုးနဲ့ ပုဂ္ဂိုလ် အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေ မည့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကို ရှောင်ရှားကြရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။

တပ်မတော်အနေဖြင့်  နိုင်ငံတော်အတွက် လိုအပ်သည့် အချိန်တိုင်း  နိုင်ငံရေးတွင် ပါဝင် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ စနစ် တခုမှ စနစ်တခုသို့ စနစ်တကျ ကူးပြောင်းနိုင်မှုမရှိပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်နိုင် ကြောင်း၊ ကျင့်သားမရသေးသော စနစ်တခုသို့ ကူးပြောင်းစဉ် အတွေ့အကြုံရင့်ကျက်ပြီးသော နိုင်ငံများက ၎င်းတို့ အကျိုးစီးပွား အတွက် ၀င်ရောက် စွက်ဖက်မြဲဖြစ်သည့် အတွက် ပြည်ပအားကိုးခြင်း မပြုမိရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ ထုတ်ဝေခွင့် ညွှန်ကြားချက် ထုတ်ပြန်

မှတ်ပုံတင်ပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်စာတမ်းများအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို ကန့်သတ်ချက်များနှင့်တကွ ထုတ်ပြန်ထားကြောင်း သိရ သည်။