Monday, April 19, 2010

"တရားခံ ဘယ်သူလဲဟေ့"


၂၀၁၀ နှစ်ကူးအချိန်အခါ

အတာရေအေးနဲ့ မလန်းခဲ့

မသာသေဘေးနဲ့လွှမ်းခဲ့

သွေးနဲ့ဖြန်းတဲ့သင်္ကြန် ၊ ။



ပိုးလိုးပက်လက်လန်အောင်

ပိုးဆိုးပက်စက်အကြံနဲ့

ဆိုးကျိုးရက်စက်ပြန် ။ ။



အာဏာစက်ကွင်းကို

ကြာကြာဆက်နင်းလို

ယတြာကက်ကင်းအလို

အခါခါအသက်သွင်းသကို ၊ ။



ရှိသမျှမဏ္ဍာပ်များအကြား

“
အိတ်စ်တူးအို” ကံကွက်ကျား

ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်

‘
အမှောင့်အန္တရာယ် ပျက်ပြန်ဘို့

နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့’

ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****



“
အိတ်စ်တူးအို”လို့ အမည်ပေး

ဘယ်သူတွေးပီး ဘယ်သူဆိုင်

ဘယ်သူပိုင်လို့ ဆောက်သလဲ

ထောက်ဆအမြဲ ‘ကွင်းဆက်’တွက် ၊ ။



ပြည်သူသွေးချင်းတို့

ဘေးကင်းဘို့အစုံတွေး

လုံခြုံရေးအထပ်ထပ်

မပြတ်မလတ် ချထားသကွဲ့

များလှတဲ့အစောင့်တွေကြား

အမှောင့်ထွေပြား သောကပွားအောင်

မောဟသားမောင် အတင့်ရဲတင်းပီး

မင်းကြီးတာကထွက် ။ ။



လူတစုအကျိုးအတွက်

လူထုအကျိုးပျက်

မျိုးပျက်တွေရဲ့အကြံ

ဆိုးချက်တွေကမဟန်

လူမဆန်ဓလေ့ ၊ ။



အပြစ်မဲ့ပြည်သူတွေကို

ဓားစာခံပြုမူရဲပေ့

တရားခံဘယ်သူလဲဟေ့။ ။



*****

ကက်ကင်း = ပြောင်းပြန် ယတြာချေခြင်း

X =
ရောမဂဏန်း 10

X2O = 1020 (10-20
သည် 20-10 ၏ပြောင်းပြန်)

{
စကားကြွင်း၊ ၊ “အိတ်စ်တူးအို”မဏ္ဍာပ်ဟုကြားရ၍ H2O= ‘ရေ’ လို့

ထင်ခဲ့၏။ မြင်ရတော့မှ X2O ဖြစ်နေသည်ကိုသိရ၏။ ဆန်းနေသည်ကို

သတိထားမိကာ ဆန်းစစ်ကြည့်မိခြင်းဖြစ်ပါသည်။}

၂၀၁၀.၄.၁၇
ကြိုင်လှမောင်မောင်

No comments:

Post a Comment