နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်အတွင်း လုပ်ငန်းဆောင်ရွက်ရန် လိုအပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားတို့၏ ဆန္ဒမပါဘဲ အလုပ်ခိုင်းစေခဲ့လျှင် အရေးယူမည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ အနော်ရထာလမ်းရှိ စတိုးဆိုင်မန်နေဂျာတဦးက “သင်္ကြန်ပိတ်ရက်တွေမှာ ဆိုင်ဖွင့်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို အခုအချိန်ကစပြီး ကြိုတင်အကြောင်းကြားထားဖို့နဲ့ အဲဒီလို အကြောင်းမကြားဘဲ ဆိုင်ဖွင့်မယ်ဆိုရင် အရေးယူခံရမယ်ဆိုတာ ဌာနက ဆိုင်တွေကို စာပို့ထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
သတ်မှတ်ထားသော သင်္ကြန်ရုံးပိတ်ရက်များအတွင်း ဖွင့်လှစ်မည့် လုပ်ငန်းများအနေဖြင့် ဝန်ထမ်းများအား တရက်လျှင် လုပ်ခလစာ (၂) ဆ မဖြစ်မနေ ပေးရမည်ဖြစ်ကြောင်းနှင့် ထိုသို့ပေးရမည့် လုပ်ငန်းများတွင် ပုဂ္ဂလိက ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်အကိုင်ဌာနများ၊ စတိုးဆိုင်များ အားလုံး အကျုံးဝင်ကြောင်း ယခုအပတ်တွင်း ထုတ်ပြန်လိုက်သော အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ဖော်ပြပါ ဥပဒေသည် သင်္ကြန်အကျနေ့ (၁၄ ဧပြီ ၂၀၁၀) မှ နှစ်ဆန်းတရက်နေ့ (၁၇ ဧပြီ ၂၀၁၀) အထိသာ အကျုံးဝင်သည့်အတွက် အလုပ်သမားများအနေဖြင့် ထိရောက်သည့် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း စတိုးဆိုင် မန်နေဂျာက ပြောသည်။
၎င်းက “ဒီနှစ်အတွက် အမှန်တကယ် ရုံးပိတ်ရက်က ဧပြီ (၁၂) ရက်ကနေ (၂၁) ရက်အထိ (၁၀) ရက်တောင် ရတယ်။ ကျနော်တို့လို စတိုးဆိုင်တွေက သင်္ကြန်အကျနေ့ကနေ နှစ်ဆန်း (၁) ရက်နေ့အထိ ဘယ်ဆိုင်မှ မဖွင့်ဘူးလေ။ ဒါကို ထိရောက်စေချင်ရင် အစိုးရရုံးပိတ်ရက် (၁၁) ရက်စလုံး အကျုံးဝင်မှ အလုပ်သမားတွေဘက်က အကျိုးရှိမှာပေါ့” ဟု ပြောကြားသည်။
ယင်းဥပဒေသည် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အိုင်အယ်လ်အို ခေါ် နိုင်ငံတကာ အလုပ်သမားများအဖွဲ့ချုပ်နှင့် စစ်အစိုးရ တာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ပြီး နောက်ပိုင်း ယင်းကဲ့သို့ ဥပဒေများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အိုင်အယ်လ်အို ရန်ကုန်ရုံးမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “အလုပ်သမား အခွင့်အရေးတွေအတွက် ဒီလိုဖြစ်လာတာ ကောင်းပေမယ့် အလုပ်သမားတွေအတွက်ဆိုပြီး တာဝန်ဝတ္တရားအရ အပေါ်ယံလောက်သာ ထုတ်ပြန်ပြီး အရေးယူမှုအပိုင်း အားနည်းနေရင် အောင်မြင်တယ်လို့ မဆိုနိုင်ဘူးလေ။ ဖြစ်နိုင်ရင် တာဝန်ရှိစွာနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုအပ်ပါသေးတယ်” ဟု ပြောဆိုသည်။
သို့သော် ရန်ကုန်မြို့မှအပ အခြားသောနယ်မြို့များတွင် ယင်းဥပဒေ အကျုံးဝင်မှု ရှိ မရှိ မသိရသေးကြောင်းနှင့် ယင်းဥပဒေကို ကျူးလွန်ပါက မည်ကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တွင် မပါရှိချေ။
မြန်မာပြည်တွင်း၌ အလုပ်သမားများနှင့်ဆိုင်သော အခွင့်အရေးများကို အိုင်အယ်လ်အိုက စာအုပ်ထုတ်ဝေနိုင်ရန် စိုင်းပြင်းနေပြီး သက်ဆိုင်ရာ စစ်အစိုးရ ဝန်ကြီးဌာနများနှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
No comments:
Post a Comment