စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ တပ်ကုန်းကျေးရွာအုပ်စု ၊ မှန်စောက်ကျေးရွာနေ ဦးသိန်းအောင် ၊ ဒေါ်ဝင်းမေတို့အား ဆင်သတ်သည်ဟု စစ်တပ်က စွပ်စွဲခြိမ်းခြောက်ကာ ကလေးတောင်းပြီး စစ်သားအဖြစ်စုဆောင်းသွားခဲ့သည်။
“မနှစ် (၁၀)လပိုင်းမှာ ခ.မ.ရ (၃၆၄) တပ်ရင်းက ဗိုလ်မှူးသက်ဦးနဲ့အဖွဲ့ ကျနော်တို့ဆီ ရောက်လာတယ်ဗျ။ ရောက်ရောက်ချင်းပဲ မပြောမဆိုနဲ့ ကျနော့်ကို လည်ပင်း နဲ့ လက်မောင်းတွေကို ကြိုးနဲ့ တုပ်တယ်ဗျာ။ နောက်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ခိုင်းထားပြီး (၄)လပိုင်းက သေသွားတဲ့ သစ်တောပိုင်ဆင်ကို သတ်ပါတယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီအတွက် ထောင်အနှစ် (၃၀) ကျသွားမယ်ဘာညာပြောပြီးလည်း ခြိမ်းခြောက်တယ်ဗျ။ ထောင်မကျချင်ရင် ကျနော့်သားကို စစ်တပ်ထဲထည့်ရမယ်တဲ့။ ကျနော်တို့လည်း ကြောက်တော့ ကလေးကို ထည့်ပေးလိုက်ရတယ်”ဟု ဖခင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။
သစ်တောဦးစီးဌာနပိုင်ဆင်မှာ ဦးသိန်းအောင်တို့ ယာခင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ ယင်းဆင်မှာ သက်တမ်းစေ့သေဆုံးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ ခွဲစိပ်စစ်ဆေးပြီး မီးသဂြိုလ်မြေမြုပ်သွားကြောင်း ရှင်းပြသော်လည်း ဗိုလ်မှူးသက်ဦးက လက်မခံခဲ့ဘဲ သားဖြစ်သူ မောင်အောင်စိုးလင်းကိုစစ်တပ်ထဲထည့်ပေးမှသာ ပြစ်ဒဏ်လွတ်မည်ဟု ပြောဆိုခဲ့ကြောင်း ဦးသိန်းအောင်က ဆက်လက်ပြောဆိုသည်။
မောင်အောင်စိုးလင်းသည် အသက် (၁၅) နှစ်သာ ရှိသေးသဖြင့် ကလေးစစ်သားစုဆောင်းခံရမှုအဖြစ် အိုင်အယ်လ်အိုကို ယနေ့ တင်ပြတိုင်ကြားရန် မိဘများက ဆောင်ရွက်နေကြပြီဖြစ်သည်။
“အမေဖြစ်တဲ့ မ၀င်းမေဆို သူ့သားပါသွားပြီးကတည်းက နေမကောင်းတော့ဘူး။ ကျနော့်တို့မှာ ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး။ နောက်မှပဲခူးမှာ လမ်းပြကြယ်အဖွဲ့ ရှိတယ်လို့ ရေဒီယိုကကြားလို့ အခုပဲခူးကိုဆင်းလာတာပါ။ ဒီနေ့အိုင်အယ်လ်အိုကို တရားဝင်တိုင်စာပို့ပါမယ်”ဟု ဦးသိန်းအောင်က ပြောသည်။
ကလေးစစ်သားမောင်အောင်စိုးလင်းသည် (၁၆.၁၀.၂၀၀၉) ရက်တွင် စခတ(င)၌ စစ်သင်တန်းတက်ရောက်ခဲ့ရပြီး ယခုအခါ မည်သည့်တပ်သို့ရောက်ရှိနေကြောင်းကိုပင် မသိရသေးကြောင်း လမ်းပြကြယ်အဖွဲ့မှာ ရှေ့နေကြီးဦးအေးမြင့်ကပြောသည်။
လမ်းပြကြယ်အဖွဲ့အနေဖြင့် ယခုနှစ်အတွင်း ကလေးစစ်သားစုဆောင်းခံရမှု ကူညီဖြေရှင်းပေးရန်တောင်းခံခံရမှုပေါင်း(၁၆) မှုလက်ခံထားရကြောင်းသိရသည်။
၂၀၀၉ခုနှစ် ဧပြီ (၂၃) ရက်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့၌ ကလေးစစ်သား စုဆောင်းမှုများ ရှိနေသေးကြောင်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရက ကလေးစစ်သား (၆၈) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကလေးများ၏ မိဘနှင့်ဆွေမျိုးတို့၏ တိုင်ကြားချက်များအရသာ ကလေးစစ်သားစုဆောင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နအဖစစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သားပပျောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။
copy by minnaingthu
No comments:
Post a Comment