သျှင်စောဖြူ (ကမ္ဘောဇသာဒီ)
၂၀၁၀ပြည့်နှစ် မတ်လ (၈) ရက် နေ့စွဲနဲ့ နအဖအစိုးရက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အမှတ် (၃/၂၀၁၀) ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။
အဲဒီမှာ အခန်း (၁၆) အထွေထွေကဏ္ဍအပိုဒ် ၉၁ (ခ) ကှ်ျဥပဒေဖြင့် ရုတ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေမရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များသည် အလိုအလျောက်ပျက်ပြယ်သည်ဟု မှတ်ယူရမည်လို့ဆိုထားပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း (၂၀) ၊ ၁၉၉၀ မေလ (၂၇) ရက်နေ့တွင် စစ်အစိုးရကိုယ်တိုင် တာဝန်ယူကျင်းပခဲ့ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရကိုယ်တိုင်က ပြောင်ပြောင်တင်းတင်း ဖျက်ဆီးမျက်ကွယ်ပြုလိုက်ပါပြီ။
၁၉၉၀ ရွေးကောက်ပွဲကျင်းပစဉ်တုန်းကတော့ စစ်အစိုးရတာဝန်ရှိသူတွေဟာ န.၀.တဟာ ဒိုင်လူကြီးအဖြစ် သန့်သန့် ရှင်းရှင်း တာဝန်ယူကျင်းပပေးခဲ့တာပါလို့ မကြာခဏပြောခဲ့ကြတာပါ။
၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ ၊ အသိအမှတ်ပြုပေးဖို့ အနိုင်ရပါတီ အန်အယ်လ်ဒီနဲ့ မဲရှင် ပြည်သူတွေက အစဉ်တစိုက် ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုခဲ့ကြတာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ နှစ်စဉ်ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာအစိုးရတွေကလည်း ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ တစိုက်မတ်မတ်တောင်းဆိုခဲ့ကြပါတယ်။
သို့သော်လည်း အခုချိန်မှာတော့ န၀တ တဖြစ်လဲ နအဖဟာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ လမ်းပြမြေပုံ (၇) ချက်အတိုင်း သူ့ရဲ့ အတွင်းစိတ်သဏ္ဍန်တွေကို ပေါ်ပေါ်ထင်ထင်ကြီးကို လှစ်ဟဖွင့်ပြလိုက်ပါပြီ။ ပြောရရင်တော့ သူ့ရဲ့ နိုင်ငံရေးဗျူဟာဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက်အရ နည်းဗျူဟာတခုဖြစ်တဲ့ ၃/၂၀၁၀ ကြေညာချက်ဟာ ဒီမိုကရေစီအင်အားစုတွေအတွက် သိပ်အရေးပါတဲ့ စိန်ခေါ်ချက်တရပ်ပါပဲ။
တနည်းပြောရရင်တော့ မြန်မာ့ဒီမိုကရေစီအရေးအားပေးနေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီး ၊ အန်အယ်လ်ဒီပါတီနဲ့ မြန်မာပြည်သူလူထုကြီးတရပ်လုံးကိုပါ နအဖဘက်က တရားဝင် စစ်ကြေညာလိုက်တာပါဘဲ။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ပါဝင်ခွင့်ပြုလိုက်ရင် သူတို့ ဖန်တီးထားတဲ့ အတုအယောင် လွှတ်တော်ထဲမှာ သူတို့အလိုကျအရုပ် (Robot) ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်း အနည်းငယ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လွှမ်းမိုးသွားစေနိုင်တယ်လို့ သဘောပေါက်ထားကြပြီး ဖြစ်ဟန်တူတယ်။
ဒီလိုသာဖြစ်ခဲ့ရင် သူတို့အလိုကျရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တည်မြဲမှုမရှိဘဲ ပြောင်းလဲသွားနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အပြစ်မရှိဘဲ အရှက်ကင်းမဲ့စွာ ဆက်လက်ချုပ်ချယ်ထားခဲ့တာပါပဲ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေးမူ (All inclusive) ကို အာခံလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနိုင်ငံရေးသမားတွေကို ဖယ်ထုတ်လိုက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကိုပါ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုတွေအပေါ်မှာ စိတ်ဝမ်းကွဲအောင် ထိုးခွဲလိုက်တဲ့ (divide one rule policy) ကို သုံးလိုက်တာပါ။
ကမ္ဘာက မခံမရပ်နိုင်လို့ ပြင်းပြင်းထန်ထန်ဖိအားပေးအရေးယူလာခဲ့ရင် တိုးလို့ဆုတ်လို့ရအောင်လည်း နအဖက ကြံစည်ထားပြီး ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲနီးကပ်လာချိန် တပတ်လောက်အလိုကျမှ ကမ္ဘာက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀)ကျော်လွှတ်ပေးလိုက်ခြင်းဖြင့် ချွေးသိပ်ဦးမယ့်ပုံပါပဲ။
၁၉၈၈ကို လူတိုင်း သတိရကြပါလိမ့်မယ်။ Mr. Lords Byron ဆိုသူက ဒီလိုပြောခဲ့ဖူးပါတယ်။ “the best of prophets of the future is the past” “အနာဂါတ်အကြောင်း အကောင်းဆုံး ကြိုတင်ဟောပြောနိုင်သောပညာရှင်မှာ အတိတ်ဖြစ်၏”လို့ ဆိုပါတယ်။ Mr. Soren Kierkegaard ကတော့ “Life can only by understand backward, but it must be lived forward” “ဘ၀ကို နားလည်ချင်ရင် နောက်ပြန်ကြည့်မှသိတယ်။ ဒါပေမယ့် ဘ၀မှာနေဖို့ကတော့ ရှေ့ဆက်သွားမှ ရမယ်”တဲ့။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပြိုကွဲပျက်စီးစေခဲ့တဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ လက်သယ်တရားခံဟာ ဘယ်သူလည်းလို့ စစ်သားတွေပီပီ စစ်ရေးအမြင်နဲ့ ကြည့်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေက ဘယ်လိုစဉ်းစားသလဲဆိုတော့ နိုင်ငံရေးပါတီတွေ ထောင်ခွင့်ပြုပေးလိုက်တာနဲ့ အဲဒီထဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ယိုင်နဲ့သွားစေနိုင်မဲ့ ၊ အစဉ်အလာရှိပြီး လူထုကို ဦးဆောင်ဦးရွက်ပြုစည်းရုံးလှုပ်ရှားလာမဲ့သူတွေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေနဲ့ ပါတီအသီးသီးကိုဖွဲ့စည်းခိုင်းပြီး seach fire လုပ်ပါတော့တယ်။
အဲဒီခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး နည်းအမျိုးမျိုးနဲ့ မတရားဖမ်းဆီးနှိပ်စက်ထောင်ချလိုချ၊ တားဆီးကန့်သတ်မှုတွေ လုပ်လိုလုပ်နဲ့ တချို့လည်း ပြည်ပကို ရောက်ရှိသွားသလို တချို့လည်း ထောင်ထဲမှာဘဲ ကွယ်လွန်ကြရပါတယ်။
တိုင်းပြည်နဲ့ကမ္ဘာကိုတော့ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က “ကျနော်တို့ အာဏာရယူလိုက်တာဟာ အဓိကကတော့ ပြည်သူလူထုကြီးက လိုလားတောင်းတနေတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတစွာ အောင်အောင်မြင်မြင် ကျင်းပပေးဖို့ဟာ နောက်ဆုံးလုပ်ငန်းစဉ်တရပ် အနေနဲ့ပါ် xxxxxxxxxxxxxxxxxxအနိုင်ရတဲ့ပါတီကို အာဏာလွဲအပ်ပြီးတာနဲ့ မူလတာဝန်တွေဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်တန်းလျားကို ပြန်ကြမှာပါ xxxxxxxxxxxx ကျနော်တို့ အဖွဲ့ဝင်တွေဟာ ၀န်ကြီးတယောက်ထဲကို ၀န်ကြီးဌာန (၃) ခု (၄)ခုလောက် တာဝန်ယူတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့အာဏာကို ကြာရှည်စွာ ဆက်လက်ဆုပ်ကိုင်ထားမှာ မဟုတ်ဘူးဆိုတာကို ပေါ်လွင်စေပါတယ်xxxxxxxxxxxx နောင်ပေါ်ပေါက်လာမဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နိုင်ငံရေးပါတီများက ရေးဆွဲကြမှာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်ကတော့ ရေးဆွဲမှာ မဟုတ်ပါဘူး။သမိုင်းတရားခံလည်း အဖြစ်မခံနိုင်ပါဘူး” စသဖြင့် ကမ္ဘာသိ မိန့်ခွန်းတွေ ကတိပေးပြောကြား သွားလိုက်တာမှ အများကြီးပါ။
ဒါတွေပြန်ပြောနေရတာဟာ အတိတ်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ယနေ့မျက်မှောက်မှာ ဖြစ်နေတာတွေကို ယှဉ်ထိုးကြည့်ပြီး အနာဂါတ်မှာ ဘာတွေဖြစ်လာမလည်းလို့ မှန်းဆကြည့်နိုင်အောင်လို့ပါ။
၂၀၀၆ခုနှစ်လောက်မှာ ကမ္ဘာ့လောင်စာဆီဈေးတွေတက်တော့မှာမို့ အစိုးရပိုင်မော်တော်ယာဉ်မသုံးစွဲရနေ့တွေ သတ်မှတ်ပြီး ကြပ်မတ်စစ်ဆေးနေပုံတွေကို စစ်အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ လောင်စာဆီချွေတာရေး စီမံကိန်းအရပြည်တွင်းမှာ ဇီဝလောင်စာထုတ်လုပ်စိုက်ပျိုးမယ်တဲ့လေ။ ဘိုင်အိုဒီဇယ်တဲ့။ ခြံစည်းရိုးကြက်ဆူပင်တဲ့။ စာရင်းဇယားတွေတွက်ချက်လို့ မီဒီယာတွေမှာလည်း ပါနေစမြဲ။
အမှန်ကတော့…..
(၁) ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပြီးယတြာချေတာပါ။ (ဒေါ်စု အာရှတော်ဝင်ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူလိုက်ရပါတယ်)
(၂)နအဖရဲ့ ၀ါဒဖြန့်ချိရေး ကိရိယာဟာ ဘယ်လောက်အတိုင်းအတာထိကျယ်ပြန့်ထိရောက်မှုရှိလဲ
(၃)မြန်မာပြည်သူလူထုကြီးဟာ ဆင်ခြင်တုံတရားနဲ့ ဖြစ်နိုင်မဖြစ်နိုင် အခြေအနေကို ဘယ်လောက်စဉ်းစားဆင်ခြင်နိုင်မလဲ
(၄)သူတို့ရဲ့ နအဖ ၊ တအဖ ၊ ခအဖ ၊ မအဖ ၊ ရအဖ စသည်ဖြင့် အထက်အောက်အမိန့် စီးဆင်းအကောင်အထည်ဖော်မှုဟာ ယခုထက်တိုင် နာခံနေဆဲလား
(၅) နိုင်ငံဝန်ထမ်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့အမည်ခံအဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်ပါဝင်နိုင်မှုစွမ်းရည်တွေကကော ဘယ်လောက်ရှိလဲ
(၆) နိုင်ငံနဲ့အ၀ှမ်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကြက်ဆူပင်စီမံကိန်းမှာ လူထုကြီး အင်တိုက်အားတိုက် ပါဝင်မှုရှိမရှိ
(၇) ဆန့်ကျင်ဘက် အတိုက်အခံအဖွဲ့အစည်းများရဲ့ ကြက်ဆူစီမံကိန်းအပေါ်သဘောထား ထင်မြင်ချက်တွေက ဘယ်လိုလဲ
စတာတွေကို ချိန်ထိုးသုံးသပ်ပြီးမှ နအဖက အကောင်အထည်ဖော်ခဲ့တာပါ။ အဲဒီအခြေအနေနဲ့ ရလဒ်တွေကို သေချာသုတေသနလုပ်ပြီးတော့မှ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပွဲကို အပိုင်လုပ်သွားတာပါ။
ခုတော့ ကြက်ဆူပင်တွေလည်း ဆီမထွက်။ ဘယ်သူ ၊ ဘယ်မီဒီယာကမှလည်း မဝေဖန်တော့ဘူး။ အားလုံးဟာ မေ့မေ့ပျောက်ပျောက် ။ ဘာရည်ရွယ်ချက်နဲ့လုပ်လို့ လုပ်ခဲ့မှန်းကိုတောင် မသိလိုက်ကြတဲ့ ရွှေမြန်မာတွေ ဒုနဲ့ဒေး။
ဒါကြောင့်လည်း ၁၉၆၂ခုနှစ် ဗိုလ်နေ၀င်းအာဏာသိမ်းပြီးကတည်းက ခုထိ တပ်မတော်အစိုးရရဲ့ အုပ်ချုပ်ခံနေရတာပါပဲ။
အခုလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်းပြုပြီး “တပ်မတော်သာအမိ ၊ တပ်မတော်သာအဖ”ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲကျင့်သုံးပြီး ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ဖိနပ်အောက်ဆက်လက်ထားရှိဖို့ ဘက်စုံစစ်ပွဲ (MultiDimensional Warfare) ကြီး ဆင်နွဲပါတော့မယ်။
(၁) နိုင်ငံရေးနည်း (politica means)
(၂) စီးပွားရေးနည်း (Economic means)
(၃) လူမှုရေးနည်း (Social means)
(၄) သဘောတရားရေးနည်း (Ideological means)
(၅) ၀ါဒဖြန့်ချိရေးနည်း (Propaganda means)
(၆) စစ်ရေးနည်း (Military means)
အထက်ပါနည်းတွေအပြင် အထက်လမ်း ၊ အောက်လမ်း ၊ ယတြာဓါတ်ရိုက်ဓါတ်ဆင် ၊ ဗြောင်လိမ်ဗြောင်စားနည်းတွေနဲ့ နိုင်ငံရေးအသာစီးရရေး ၊ လုပ်ချင်ရာလုပ်ပြီးခဲ့ရင်လည်း နောက်ကြောင်းပြန်ဥပဒေများဖြင့် အရေးယူမခံရရေးတို့အတွက် အစွမ်းကုန်လုပ်ဆောင်ထားပါပြီ။ စစ်ဝါဒီတွေဟာ ပြည်သူလူထုကို စစ်ကျွန်အဖြစ် ပိုမိုဖိနှိပ် စိုးမိုးချယ်လှယ်နိုင်ရေး မရှက်မကြောက်လုပ်ဆောင်နေပါပြီ။
အဲဒီစစ်အုပ်ချုပ်ရေးယန္တရားကြီး လည်ပတ်ရေး အဓိက မောင်းနှင်အားကြီးတွေဖြစ်တဲ့ တရားရေးဆိုင်ရာဝန်ထမ်း ၊ လုံခြုံရေး ရဲဝန်ထမ်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၀န်ထမ်းတွေနဲ့ အခြားသောဝန်ထမ်းအားလုံးဟာလည်း အလုပ်ပြုတ်၍ဖြစ်စေ ၊ အငြိမ်းစားယူ၍ဖြစ်စေ ၀န်ထမ်းမဟုတ်တဲ့နေ့ကစပြီး ယန္တရားကြီးရဲ့ ကြိတ်ချေမှုကို သာမန်ပြည်သူတွေလို ခံစားကြရမယ်ဆိုတာကို အခုကတည်းက သဘောပေါက်နားလည်ထားစေချင်ပါတယ်။
ဘယ်စစ်အာဏာရှင်မှ ကိုယ့်ဆရာသမားအရင်းကြီးမို့ ၊ကိုယ့်တပည့်အရင်းကြီးမို့ ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်အရင်းကြီးမို့ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့မရှိပါဘူး။ သူ့အာဏာကို ထိပါးလာတယ်လို့ တဖက်သတ် ယူဆရင်ကို Go to Hell ပါပဲ။ အဝေးကြီးလှမ်းမျှော်ကြည်မနေပါနဲ့။ မြန်မာ့သမိုင်းမှာတင်ကို သင်ခန်းစာယူစရာတွေ လတ်လတ်ဆတ်ဆတ်တွေ အများကြီးရှိနေပါတယ်။
ကိုင်း…ဒီတော့ ကျနော်တို့ ပြည်သူတွေ ဘာလုပ်မလဲ။
စစ်ဝါဒီတွေကတော့ သူတို့ရဲ့ သရုပ်သဏ္ဍန်ကို ရဲရဲကြီးပြသလိုက်ပါပြီ။ သူတို့ရဲ့ မရှက်မကြောက် သတ္တိကို ကမ္ဘာသိအောင် ပြလိုက်ပြီ။
ဒီလိုအချိန်မှာ ကျနော်တို့ ပြည်သူလူထုကြီးကလည်း ညီညွှတ်စွာနဲ့ လူထုရဲ့စွမ်းအားကို ဖော်ထုတ်ပြသကြဖို့ လိုအပ်နေပါပြီ။ မြန်မာ့သမိုင်းမှာကော ကမ္ဘာ့သမိုင်းမှာပါ ဘယ်စဉ်ကမှ မရှိခဲ့ဘူးသေးတဲ့ ညီညွှတ်မှုမျိုးကို ဖော်ထုတ်ပြသဖို့ အချိန်ကြရောက်နေပါပြီ။
ကုလသမဂ္ဂ ၊ ကမ္ဘာ့နိုင်ငံအသီးသီး ၊ ဒေါ်အောင်ဆန်းစုကြည် ၊ အန်အယ်လ်ဒီ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ကျနော်တို့ပြည်သူတရပ်လုံးကလည်း ဟန်ချက်ညီညီ စစ်အာဏာရှင်ကို ရင်ဆိုင်ကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
သျှင်စောဖြူ (ကမ္ဘောဇသာဒီ)
No comments:
Post a Comment