Monday, March 29, 2010

စောင့်ကြည့်ကြရမှာပေါ့ဗျာ

မင်းနိုင်သူ

ဒီနေ့ တနေ့လုံး အန်အယ်လ်ဒီပါတီအစည်းဝေးပွဲကြီးသတင်းကို စောင့်ကြည့်နေမိပါတယ်။ စောင့်ကြည့်တယ်ဆိုတာက အွန်လိုင်းကနေ ပြည်တွင်းက မိတ်ဆွေတွေပြောသမျှ ပေးပို့လာသမျှ စောင့်ကြည့်နေတာကို ဆိုလိုတာပါ။

နောက်ဆုံးတော့ အားလုံးသိကြတဲ့အတိုင်း အန်အယ်လ်ဒီပါတီဟာ ကန့်ကွက်မှုမရှိဘဲ ပါတီဆက်လက်မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်ချမှတ်သွားနိုင်တယ်ဆိုတဲ့ သတင်းဝင်လာ ပါတယ်။
ဒီသတင်းကို ရန်ကုန်လူငယ်တွေက ပေးပို့ခဲ့တာပါ။ ပေးပို့ပြီးတာနဲ့အတူ အစကနဦးက ရွေးကောက်ပွဲဝင်ဖို့ ၊ ပါတီဆက်လက်မှတ်ပုံတင်ဖို့ အသံထွက်ခဲ့တဲ့ လူကြီးတွေကို ပါတီက ထုတ်ပစ်သင့်တယ် ၊ ဘာညာဆိုပြီး ပြောဆိုလာကြပါတယ်။

ဒီမှာပဲ ကျနော်က ကျနော်တွေးမိတာလေးတွေကို သူတို့ကို ပြောပြပါတယ်။ ကျနော်တွေးမိတာက ဒီလိုပါ။ အန်အယ်လ်ဒီအနေနဲ့ နအဖရွေးကောက်ပွဲဥပဒေတွေ ပေါ်ထွက်လာပြီဆိုတာနဲ့ ပါတီမှတ်ပုံတင်ရေးမတင်ရေး ၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆုံးဖြတ်ရတော့မှာပါ။

ဒီလိုဆုံးဖြတ်ဖို့ဆိုတာက တနိုင်ငံလုံးက အန်အယ်လ်ဒီပါတီဝင်တွေရဲ့ သဘောထားနဲ့ ဆုံးဖြတ်မှသာဖြစ်နိုင်တာပါ။ အရင်ဆုံးဖြတ်ချက်များလို အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင် များလောက်နဲ့တင် ဆုံးဖြတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အခုချိန်ဟာ အန်အယ်လ်ဒီပါတီ အနာဂတ် ရပ်တည်ရေးနဲ့ပါ ပတ်သက်လာလို့ပါပဲ။

ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဗဟိုဦးစီး ကော်မတီဝင်တွေနဲ့ စည်းဝေးဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

ဒီလိုအရေးကြီးအစည်းဝေးပွဲကြီး မစတင်မီမှာ အန်အယ်လ်ဒီဥက္ကဌကစလို့ ဗဟိုအလုပ်အမှုဆောင်တချို့က မှတ်ပုံတင်ရေး လိုလားတယ်ဆိုတဲ့ အသံထွက်ပေါ်လာပါတယ်။

ကျနော့် ယူဆချက်အရဆိုရင်တာ့ အန်အယ်လ်ဒီလူကြီးတချို့က နအဖအလိုကျလေး လေသံပစ်ပေးလိုက်တာပါ။ ဒါမှသာ အန်အယ်လ်ဒီ ဒီတချီတော့ ကွဲကောင်းကွဲမှာပဲဆိုပြီး နအဖဟာ အစည်းအဝေးကြီးကို အနှောင့်အယှက်မပေးဘဲ စောင့်ကြည့်တဲ့ အနေအထားရောက်သွားရတာပေါ့။ မဟုတ်လို့ကတော့လား အရင်အစည်းအဝေးတွေလို တိုင်းနဲ့ပြည်နယ်က ပါတီဝင်တွေကို တိုင်းနဲ့ ပြည်နယ်ကတောင် အထွက်မခံဘဲ ကားဂိတ် တွေ ၊ လှေဆိပ်တွေကနေ ဆီးဖမ်းမှာ သေချာပါတယ်။ ဒါကို အခါခါ ခံထားရဘူးတဲ့ အန်အယ်လ်ဒီလူကြီးမင်းများဟာ စောဖေက နှောကြေပြီး ဖြစ်နေပါလိမ့်မယ်။ နောက်တချက်က ဒီလိုလေသံပစ်လိုက်တဲ့အတွက် လူထု အာရုံစိုက်မှုလည်း ပိုရလာမယ်ဆိုတာပါပဲ။

ဒါ့ကြောင့်လည်း အန်အယ်လ်ဒီက လူကြီးသုံးယောက်လောက်က မှတ်ပုံတင်ရေးလေသံပစ်ခဲ့တယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီလူကြီးတချို့ကို ပုဂ္ဂလိကရေးရာတွေပါ တိုက်ခိုက်ထားတဲ့ ပြည်တွင်းက ပေးပို့ ဆောင်းပါးတချို့ကို ကျနော့် ဘလော့မှာ မတင်ခဲ့တာပါ။

ဒီနေ့တော့ အစည်းအဝေးကြီးလည်း ပြီးသွားပြီ။ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်လည်း ကန့်ကွက်မှုမရှိနဲ့ ချမှတ်နိုင်ခဲ့ပြီမို့ ကျနော် ထင်ထားမြင်ထားတာတွေကို ရန်ကုန်က လူငယ်တချို့ကို ပြောပြဖြစ်ပါတယ်။ လူကြီးတချို့ကို မကောင်းမမြင်ဖို့ စောင့်ကြည့်ကြဖို့ ပြောရပါတယ်။

ဒီမှာပဲ တချို့လူငယ်များက ခင်များက နအဖလူတွေကို အသက်ပြန်သွင်းပေးချင်တာလား ဆိုတဲ့ မေးခွန်းနဲ့ ပစ်ပေါက်ပါတော့တယ်။ ဖောက်ထွက် တွေးချင်တဲ့ စိတ်ကလေးတောင် ပျောက်သွားမလားပါပဲ။

တကယ်တော့ ဒီလူကြီးတွေဟာ ကျနော်လို ငပါမွှား အသက်သွင်းမှ ရှင်မယ့်လူတွေမှ မဟုတ်တာဘဲ။ ကျနော်ပြောရတဲ့အကြောင်းရင်းက ဒီနေ့ပွဲမှာ ဒီလူကြီးတွေကလည်း ဘာမှ မကန့်ကွက်တော့တာနဲ့ ဒီလူကြီးတွေရဲ့ နှစ်ပေါင်းများစွာ ပါတီနဲ့အတူ ဖြတ်သန်းလာမှုတွေကို ထောက်ရှုပြီး လူငယ်တွေနဲ့ စိတ်ဝမ်းမကွဲအောင် ၊ ညီညွှတ်မှု မပျက်ပြားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြောတာပါ။

ဒီလူကြီးတွေ စိတ်ဓါတ်ဖောက်မဖောက် ဆိုတာကတော့ ပါတီဖျက်သိမ်းခံရသည့်တိုင် ပါတီဝင်အများစုနဲ့အတူ တသားတည်း ရှိနေမရှိနေကိုပဲ စောင့်ကြည့်ကြရမှာပေါ့ဗျာ။

မင်းနိုင်သူ

No comments:

Post a Comment